မနက်ဖြန် မနက် မှာမြင်ရမယ့် ရှားပါးမြင်ကွင်း (သို့) ဂြိုဟ် ငါးလုံး တန်းစီခြင်း (Planet Parade)
ဧပြီ လ ရဲ့ပထမ ပတ် ကနေ စပြီး မနက်ခင်းအစောပိုင်း အရှေ့ဖက် ကောင်းကင်မှာ ကျွန်တော်တို့တွေ ဟာ လ နဲ့ ဂြိုဟ်တွေ ကို တန်းစီပြီးမြင်လာရပါတယ်။ ဒီလို ဂြိုဟ်တွေကို ကောင်းကင် နေရာ တခုထဲမှာ စုပြီး မြင်ရတာဟာ မနက်ဖြန် ဧပြီလ ၂၀ ရက်နေ့ မနက်ခင်းအစောပိုင်းမှာ အကောင်းဆုံး မြင်ရမှာဖြစ်ပါတယ်။ ၂၀ ရက်နေ့ မနက် ၄ နာရီခွဲ အချိန် က နေစပြီး စေတန် ခေါ် စနေ ဂြိုဟ် ၊ မားစ် ခေါ် အင်္ဂါဂြိုဟ် ၊ ဗီးနပ်စ် ခေါ် သောကြာဂြိုဟ် ၊ မာကျူရီ ခေါ် ဗုဒ္ဓဟူး ဂြိုဟ် တို့ ကို သာမန် မျက်စိ နဲ့ မြင်ရမှာ ဖြစ်ပါတယ်။ Neptune ဂြိုဟ် ကိုတော့ အားကောင်းတဲ့ မှန်ဘီလူး ဒါမှမဟုတ် အာကာသကြည့် တယ်လီစကုတ်ကို သုံးပြီးကြည့်မှ မြင်နိုင်မှာပါ။ ဒီဖြစ်စဉ်ကို စောင့်ကြည့်မယ်ဆိုပါ က ကောင်းကင် မှာ တိမ်ကင်းစင်ဖို့လိုပြီး မနက် ၄ နာရီ ခန့်မှ နေမထွက်ခင် အချိန်ထိ အရှေ့ဖက် ကောင်းကင် ကို မိုးကုပ်စက်၀ိုင်း ထိမြင်နိုင်တဲ့နေရာ ကနေ စောင့်ကြည့်ဖို့ အကြံပြုလိုပါတယ်။ ဘာလို့လဲဆိုတော့ ဗီးနပ်စ် နဲ့ မာကျူရီ ဂြိုဟ် က နေမထွက်ခင်အချိန် မှာ မိုးကုတ်စက်၀ိုင်းအပေါ်နားလေးမှာပဲ ရှိအုံးမှာဖြစ်တာကြောင့်ပါ။
Planet Parade ဆိုတဲ့ အသုံးအနှုန်းဟာ တရားဝင် သိပ္ပံဆိုင်ရာ အသုံးအနှုန်းတစ်ခု မဟုတ်သေးပေမယ့် နက္ခတ္တဗေဒ ပညာရှင်တွေ ကြားမှာ ယခုလို ဂြိုဟ်တွေ ကို ကောင်းကင် တစ်နေရာမှာ စုစည်းပြီး မြင်ရတဲ့ နက္ခတ္တဗေဒ ဆိုင်ရာ ဖြစ်စဉ် ကို တင်စားပြီး ခေါ်ဝေါ်ကြပါတယ်။
ယခုလို ထူးခြားတဲ့ ကောင်းကင် ဖြစ်စဉ်တွေ ဟာ များသောအားဖြင့် ဘယ်နေ့မှာ ဘယ်ပုံစံ မြင်ရမယ် ဖြစ်ပေါ်မယ်ဆိုတာ ကို သိပ္ပံပညာရှင်တွေ ဟာ အချိန် တော်တော် များများ ကြိုတင် တွက်ချက်လို့ရပါတယ်။ ဒီ ကောင်းကင် ဖြစ်စဉ်တွေ ဟာ ကျွန်တော်တို့ ကမ္ဘာပေါ်မှာ ဖြစ်ပေါ်နေတဲ့ လူသားတွေ ကြုံတွေ့နေရတဲ့ ဖြစ်ရပ်တွေ နဲ့ လုံး၀ (လုံး၀) သက်ဆိုင်ခြင်းမရှိပဲ သူ့ဘသူ သဘာ၀အတိုင်း ဖြစ်ပေါ်နေကြတာဖြစ်ပါတယ်။ ကျွန်တော်တို့ လူသားတွေ ကမ္ဘာပေါ်မှာ မရှိခဲ့ရင်တောင် သဘာ၀အတိုင်း ဖြစ်ပေါ် လည်ပတ်နေမှာ ဖြစ်ပါတယ်။
~ MASES / Min Zaw Moe


