ယနေ့ ၂၀.၁၀.၂၀၂၃ နေ့ နဲ့ မနက်ဖြန် ၂၁.၁၀.၂၀၂၃ ရက်နေ့ ည သန်းခေါင်ကနေ နေမထွကခင်အချိန်အထိ Orionid Meteor Shower ကြယ်မိုးရွာခြင်း ဖြစ်စဉ် ဖြစ်ပေါ်ဖို့ရှိပါတယ်။ အဆိုပါ ကြယ်မိုး က တော့ Orion Constellation မှ ကျဆင်းမှာဖြစ်ပြီး မြန်မာအခေါ် မောင်ရှင်ဆိုင်းထမ်း ကြယ်စု (လိပ်တာရာ) အတွင်းမှ ကျဆင်းမှာဖြစ်ပြီး Orion ကြယ်စု ကောင်းကင် မှာ စတင် ထွက်ပေါ်လာမယ့် ည ၁၂ နာရီ ဝန်းကျင်ခန့်မှ စတင် ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
ကြယ်မိုးရွာ တယ်ဆိုတာ အာကာသ ထဲရှိ ကမ္ဘာနည်းတူ နေကို လှည့်ပတ်နေတဲ့ ကြယ်တံခွန်တွေ ရဲ့ လမ်းကြောင်းမှာ ကျန်ရစ်ခဲ့တဲ့ ကျောက်ခဲ အမှုန်အမွှား တွေ က ကမ္ဘာ က နေကို ပတ်နေတဲ့ လမ်းကြောင်း ထဲကို ရောက်ရှိလာတာဖြစ်ပါတယ်။ Orionid Meteor Shower မှ ကျဆင်းတဲ့ ကျောက်ခဲလေးတွေကတော့ နာမည်ကျော် ဟေလီ ကြယ်တံခွန် (Halley’s Comet) မှ ကျန်ရစ်ခဲ့တဲ့ ကျောက်ခဲလေးတွေဖြစ်ပါတယ်။ ဟေလီ ကြယ်တံခွန် ကို 240 BC ခုနှစ်ခန့်ထဲ က မှစတင်ကာ မှတ်တမ်းတွေထဲမှာ ရေးမှတ်ထားတာတွေ့ရပြီး တရုတ်၊ ဘေဘီလုံ နဲ့ အခြားသော ဥရောပ နိုင်ငံအသီးသီး မှ ပညာရှင်များ မှ ရေးမှတ်ထားတဲ့ မှတ်တမ်းတွေ တွေ့ရပါတယ်။ သူ့နာမည်ကို တော့ အင်္ဂလိပ်လူမျိုး နက္ခတ္တဗေဒပညာရှင် တစ်ဦးဖြစ်တဲ့ Edmund Halley ကို အစွဲပြုပြီး ပေးထားတာဖြစ်ပြီး ၁၇၀၅ ခုနှစ်မှာ Edmund Halley ဟာ အဆိုပါ ကြယ်တံခွန်ရဲ့ ပတ်လမ်းကြောင်းကြာချိန်ကို ယခင် မှတ်တမ်းတွေထဲ က နေ ထုတ်နှုတ်တွက်ချက်နိုင်ခဲ့တာပါ။ ဟေလီကြယ်တံခွန် ကို ကမ္ဘာမှ ၇၆ နှစ်မှာ တစ်ကြိမ် ပြန်လည် တွေ့မြင်ရပြီး ၁၉၈၆ ခုနှစ်မှာ ကမ္ဘာမှ ကျွန်တော်တို့ နောက်ဆုံးတွေ့ရှိခဲ့ရပြီး ၂၀၆၁ ခုနှစ်မှာ နောက်တစ်ကြိမ် ပြန်လည် မြင်နိုင်အုံးမှာဖြစ်ပါတယ်။
Orionid Meteor Shower ကြယ်မိုး ဟာ တစ်နာရီမှာ အများဆုံး ၁၄-၁၅ ခုလောက် ကျဆင်း တတ်ပြီး အလင်းတန်းရှည်ရှည်လေး နဲ့ တောက်ပတဲ့ ကြယ်မိုးလေးတွေ တွေ့မြင်ရတတ်ပါတယ်။ ရံဖန်ရံခါ လဲ fireball လို့ခေါ်တဲ့ မီးလုံးကဲ့သို့ တောက်ပတဲ့ ကြယ်မိုးလေးတွေကို မြင်ရတတ်ပါတယ်။
ကြယ်မိုးရွာ ခြင်းကို ကြည့်ရှုမယ် ဆိုပါက ပတ်ဝန်းကျင် မှာ အလင်း ရောင် အနည်းဆုံး နေရာ တစ်ခု ကို အရင်ဆုံး ရှာဖွေရန်လိုအပ်ပါမယ်။ မြို့အလင်းရောင်တွေ များတဲ့ နေရာများမှာ မြင်တွေ့ဖို့ အလွန်ခက်ခဲပါမယ်။ Orionid Meteor Shower ကို ကြည့်မယ်ဆိုရင်တော့ ကောင်းကင်ကြည်လင်ပြီး အလင်းရောင်နည်းပါးတဲ့ နေရာမှ ကြည့်ရှုသင့်ပြီး မြန်မာနိုင်ငံမှ ကြည့်မယ့်သူတွေ အနေနဲ့ အောက်တိုဘာလ ဟာ မိုးရွာနေဆဲ သို့ တိမ်ထူနေဆဲ ကာလ ဖြစ်တာကြောင့် ဒီ ကြယ်မိုးရွာခြင်းဖြစ်စဉ်ကို တွေ့မြင်ရဖို့ မလွယ်ကူလှပါဘူး။ တကယ်လို့သင်နေတဲ့ ဒေသဟာ အောက်တိုဘာလ ၂၀ ရက်နေ့ နဲ့ ၂၁ ရက်နေ့ ည မှာ တိမ်ကင်းစင်နေပါက ည သန်းခေါင် ၁၂ နာရီ ခန့်မှစတင်ကာ နေမထွက်ခင်ချိန် အထိ အရှေ့အရပ်ကို စောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။
~ MASES / Min Zaw Moe
⚠️ Copyright Disclaimer‼️
No copyright infringement intended. I do not own any of the photo. Use only for the education purpose only under the principal of Fair Use. All rights reserved and credit go to its rightful owner.



