ယနေ့ သြဂုတ်လ ၁၂ ရက်နေ့ ည နှင့် ၁၃ ရက်နေ့ မနက် အစော ပိုင်းမှာ Perseids Meteor Shower ကြယ်မိုး ရွာတဲ့ ဖြစ်စဉ် ဖြစ်ပေါ်မှာ ဖြစ်ပါတယ်။ အဆိုပါ ဖြစ်စဉ် ဟာ နှစ်စဉ် တွေ့မြင်ရတဲ့ ကြယ်မိုးရွာတဲ့ဖြစ်စဉ်တွေ ထဲမှာ ထင်ရှားတဲ့ ဖြစ်စဉ် တစ်ခုဖြစ်ပြီး အများဆုံး တစ်နာရီမှာ ဥက္ကာခဲပေါင်း ၁၀၀-၁၅၀ ခန့် ကမ္ဘာ့လေထု ထဲကို ဝင်ရောက် ကျဆင်းလေ့ရှိပါတယ်။ ဒီနှစ်မှာ တော့ ကြယ်မိုးရွာတဲ့ ရက် ဟာ လကွယ်နေ့ နားမှာ ဖြစ်နေတာကြောင့် လ ရဲ့ အလင်းရောင် အနှောက်အယှက်မရှိပဲ ကြယ်မိုးလေးတွေကို ထင်ရှားစွာမြင်နိုင်မှာပါ။
Perseids ကြယ်မိုးကို ကြည့်ရှုမယ်ဆိုပါက အလင်းရောင် နည်းပါးပြီး ကောင်းကင်ကြည်လင်တဲ့ နေရာ မှာ အရှေ့ဖက်ကို စောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။ ည ၁၀ နာရီ ခန့်မှ မနက် နေမထွက်ခင်အချိန်အထိ မြင်တွေ့နိုင်မှာဖြစ်ပါတယ်။
Perseids Meteor Shower မှာ ကျဆင်းတဲ့ ဥက္ကာခဲလေးတွေဟာ Comet Swift-Tuttle ကြယ်တံခွန် မှ ကျန်ရစ်ခဲ့တဲ့ ကျောက်သား အစိုင်အခဲလေးတွေ ဖြစ်ပြီး အဆိုပါ ကြယ်တံခွန်ဟာ ကမ္ဘာ အနီးမှ ဖြတ်သန်းသွားဖူးတဲ့ လက်ရှိတွေ့ရှိထားတဲ့ အရာဝတ္ထုတွေထဲမှာ အကြီးမားဆုံး ဖြစ်ပါတယ်။ Swift-Tuttle ကြယ်တံခွန်ဟာ ကမ္ဘာ အနီးမှ နှစ်ပေါင်း ၁၃၃ နှစ်မှာ တစ်ကြိမ်ဖြတ်သန်း သွားတာဖြစ်ပြီး ၁၉၉၂ ခုနှစ်မှာ နောက်ဆုံး ဖြတ်သန်း သွားခဲ့တာဖြစ်ပါတယ်။ နောက်တစ်ကြိမ် အနေနဲ့ ၂၁၂၆ ခုနှစ် မှာမှ ကမ္ဘာ အနီးမှ ထပ်မံ ဖြတ်သန်းသွားမှာဖြစ်ပေမယ့် သူ့ရဲ့ နေကို လှည့်ပတ်နေတဲ့ ပတ်လမ်းထဲမှာ ကျန်ရစ်ခဲ့တဲ့ ကျောက်တုံးလေး တွေ ကို ကမ္ဘာ မှ နှစ်တိုင်း ဖြတ်သန်းသွားတာကြောင့် Perseid Meteor Shower အနေနဲ့ တွေ့မြင်ရတာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှ ကြည့်မယ့်သူတွေ အနေနဲ့ သြဂုတ်လ ဟာ မိုးရာသီ ဖြစ်တာကြောင့် ဒီ ကြယ်မိုးရွာခြင်းဖြစ်စဉ်ကို တွေ့မြင်ရဖို့ မလွယ်ကူလှပါဘူး။ တကယ်လို့သင်နေတဲ့ ဒေသဟာ သြဂုတ် ၁၂ရက်နေ့ ည မှာ တိမ်ကင်းစင်နေပါက ည ၁၀နာရီ မှ မနက် ၄ နာရီ ခန့်အတွင်း အရှေ့ဖက်ကောင်းကင်ကို စောင့်မျှော်ကြည့်ရှုပါက လင်းလက်တဲ့ ဥက္ကာခဲ ကျဆင်းမှု လေးများကို မျက်မြင်တွေ့ရမှာဖြစ်ပါတယ်။
MASES / Min Zaw Moe
⚠️ Copyright Disclaimer‼️
No copyright infringement intended. I do not own any of the photo. Use only for the education purpose only under the principal of Fair Use. All rights reserved and credit go to its rightful owner.



