ယနေ့ ၂၀၂၄ မေလ ၅ ရက်နေ့ ညသန်းခေါင် အချိန်ကနေ ၆ ရက်နေ့ မနက်နေမထွက်ခင်အထိအချိန် တွေ မှာ Eta Aquarids Meteor Shower ကြယ်မိုးရွာခြင်းဖြစ်စဉ် ဖြစ်ပေါ်ဖို့ရှိပါတယ်။ အဆိုပါ ကြယ်မိုး က တော့ Constellation Aquarius ခေါ် ကုမ်ရာသီ ကြယ်တာရာထဲမှ ကျဆင်းမှာဖြစ်ပြီး မေ လ ၆ ရက်နေ့ မနက်စောစောပိုင်း မှာ မြန်မာနိုင်ငံမှ တွေ့မြင်နိုင်မှာဖြစ်ပါတယ်။
Eta Aquarids Meteor Shower မှ ကျဆင်းတဲ့ ကျောက်ခဲလေးတွေကတော့ နာမည်ကျော် ဟေလီ ကြယ်တံခွန် (Halley’s Comet) မှ ကျန်ရစ်ခဲ့တဲ့ ကျောက်ခဲလေးတွေဖြစ်ပါတယ်။ ဟေလီ ကြယ်တံခွန် ကို 240 BC ခုနှစ်ခန့်ထဲ က မှစတင်ကာ မှတ်တမ်းတွေထဲမှာ ရေးမှတ်ထားတာတွေ့ရပြီး တရုတ်၊ ဘေဘီလုံ နဲ့ အခြားသော ဥရောပ နိုင်ငံအသီးသီး မှ ပညာရှင်များ မှ ရေးမှတ်ထားတဲ့ မှတ်တမ်းတွေ တွေ့ရပါတယ်။ သူ့နာမည်ကို တော့ အင်္ဂလိပ်လူမျိုး နက္ခတ္တဗေဒပညာရှင် တစ်ဦးဖြစ်တဲ့ Edmund Halley ကို အစွဲပြုပြီး ပေးထားတာဖြစ်ပြီး ၁၇၀၅ ခုနှစ်မှာ Edmund Halley ဟာ အဆိုပါ ကြယ်တံခွန်ရဲ့ ပတ်လမ်းကြောင်းကြာချိန် ကို ယခင် မှတ်တမ်းတွေထဲ က နေ ထုတ်နှုတ်တွက်ချက်နိုင်ခဲ့တာပါ။ ဟေလီကြယ်တံခွန် ကို ကမ္ဘာမှ ၇၆ နှစ်မှာ တစ်ကြိမ် ပြန်လည် တွေ့မြင်ရပြီး ၁၉၈၆ ခုနှစ်မှာ ကမ္ဘာမှ ကျွန်တော်တို့ နောက်ဆုံးတွေ့ရှိခဲ့ရပြီး ၂၀၆၁ ခုနှစ်မှာ နောက်တစ်ကြိမ် ပြန်လည် မြင်နိုင်အုံးမှာဖြစ်ပါတယ်။
Eta Aquarids Meteor Shower ဟာ တောင်ကမ္ဘာခြမ်းဖက်ကနေ ပိုမိုမြင်ရတဲ့ ကြယ်မိုးတခုဖြစ်ပြီး ဩစတြေးလျ ကဲ့သို့သော တောင်ကမ္ဘာခြမ်းက နိုင်ငံတွေကနေ တစ်နာရီကို ၅၀-၆၀ ဝန်းကျင် မြင်ရနိုင်တာဖြစ်ပြီး မြန်မာနိုင်ငံအပါအဝင် အခြား မြောက်ကမ္ဘာခြမ်းနိုင်ငံတွေက တော့ အဆိုပါအရေအတွက် ရဲ့ တဝက်လောက် သာမြင်ရမှာဖြစ်ပါတယ်။ ဒီနှစ်အတွက် Eta Aquarids ကြယ်မိုးရွာတဲ့ရက်ဟာ လ ကွယ်နေ့ နဲ့ နီးကပ်နေတာကြောင့် လ အလင်းရောင် နှောင့်ယှက်မှု လုံး၀မရှိပဲ ပိုမြင်ရမှာဖြစ်ပါတယ်။
Eta Aquarids Meteor Shower ကို ကြည့်မယ်ဆိုရင်တော့ ကောင်းကင်ကြည်လင်ပြီး အလင်းရောင်နည်းပါးတဲ့ နေရာမှ ကြည့်ရှုသင့်ပြီး မနက် ၁ နာရီ ခန့်မှစတင်ကာ နေမထွက်ခင်ချိန် အထိ အရှေ့အရပ်ကို စောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။
~ MASES / Min Zaw Moe
Credit: Visual China Group (VCG) via Getty Images



